မည်သည့်နေရာမဆို ပျံသန်းနိုင်မည့် မောင်းသူမဲ့ ရှေ့ပြေးလေယာဉ် (ရုပ်သံ)
ဒါကတော့ လေကြောင်းသမိုင်းသစ် ရေးထိုးပေးမယ့် မောင်းသူမဲ့ ရှေ့ပြေးလေယာဉ်ပါပဲလို့ တီထွင်သူတွေက ဆိုပါတယ်။ အပြစ်ပြောသံ မကြားရပေမယ့် ဆယ်စုနှစ်တခုစာ တိုးတက်တီထွင်ပြီးတဲ့နောက်မှာတော့ အစ္စရေးနိုင်ငံ Urban Aeronautics ကုမ္ပဏီက Cormorant လေယာဉ်ဟာ စံချိန်ချိုးနိုင်တဲ့ လောယာဉ်သစ်ပဲလို့ ဆိုပါတယ်။
“ဒီလေယာဉ်က လေကြောင်းလောကမှာ တော်လှန်ပြောင်းလဲမှုတခုပဲ။ ဘာလို့လဲဆိုတော့ အမျိုးအစားသစ်မို့လို့ပဲ။ အရင်တုန်းက မူသေတောင်ပံတပ်လေယာဉ်ဆိုရင် ရှေ့ကိုပဲ ခရီးဝေးပျံသန်းနိုင်တယ်။ ရဟတ်ယာဉ်ပေါ်လာတော့ အထက်အောက်ကို ရုတ်ခြည်း ရွေ့လျားနိုင်လာတယ်။ သိပ်ကြီးတဲ့ ပန်ကာရွက်တွေရဲ့ အန္တရာယ်ကြောင့် ရဟတ်ယာဉ်ပျံသန်းလို့မရတဲ့ လေပိုင်နက်တွေ ခုထိရှိနေတုန်းပဲ။ ခုတော့ ဒီနည်းပညာသစ်ပေါ် အခြေခံပြီး ဘယ်လေယာဉ်မှ မပျံသန်းနိုင်တဲ့နေရာတွေမှာ ပျံသန်းမှုလုပ်နိုင်မယ့် လေယာဉ်အုပ်စုတွေ ရှိလာပါပြီ။”
မတ်မတ်တက်နိုင်၊ ဆင်းနိုင်တဲ့ ဒီမောင်းသူမဲ့လေယာဉ်ဟာ ပုံမှန်ရဟတ်ယာဉ်ရဲ့ ၃ ပုံ ၁ ပုံပဲရှိပေမယ့် ဝန်တင်နိုင်တာချင်း အတူတူပါပဲ။ အတွင်းငုံထားတဲ့ ဒလက်တွေက ဘေးဘယ်ညာ ဝင်တိုက်ဖို့ အခွင့်အလမ်း နည်းသွားတာမို့ Cormorant အနေနဲ့ အဆောက်အဦတွေကြားနဲ့ ဓာတ်အားလိုင်းတွေအောက်က ပျံသန်းနိုင်ပါတယ်။
“ကားအရွယ်ပဲရှိပြီးတော့ မတ်မတ်တက်နိုင် ဆင်းနိုင်သလို ကီလို ၅၀၀ ရှိတဲ့ ဝန်ထုပ်တွေကို သယ်ပြီး ကီလိုမီတာ ၅၀ နဲ့ ၇၀ အကွာအဝေးကို ခေါက်ပြန်ခရီးနှင်နိုင်တယ်။ ဒါက ပြိုင်ဘက်ကင်းပျံသန်းမှုပဲ။ ၃ မီတာခွဲ အကျယ်အဝန်းအတွင်းမှာ မတ်မတ်တက်နိုင် ဆင်းသက်နိုင်တဲ့ လေယာဉ်ရယ်လို့ လုံးဝမရှိသေးဘူး။”
Urban Aerodynamics ကုမ္ပဏီကတော့ လာမယ့်အနာဂတ်မှာ ဒီယာဉ်က လုပ်သားထုရဲ့ အစိတ်အပိုင်းတရပ် ဖြစ်လာမယ်လို့ ဆိုပါတယ်။
“မြို့ထဲမှာ Dirty Bomb တလုံး ဒါမှမဟုတ် အန္တရာယ်ရှိ ဓာတုလက်နက်တမျိုး ရှိနေတယ်ဆိုပါစို့။ ဒီလေယာဉ်က အဝေးထိန်းစနစ်နဲ့ အလိုအလျောက်ပျံသန်းပြီး လမ်းထဲဝင်လာမယ်။ ပြီးရင် အဲ့ဒီနေရာက ရေဒီယိုသတ္တိကြွပစ္စည်းတွေကို ဖယ်ရှားပစ်မှာပါ။ နျူကလီးယားစက်ရုံ လည်ပတ်တဲ့ ပညာရှင်တွေက ကျနော်တို့ကို ဒီလေယာဉ်က စက်ရုံအတွင်းပိုင်းမှာ ဘာဖြစ်နေလဲဆိုတာ ဓာတ်ပုံတချက်မရိုက်ဘဲ အပျက်အစီးတွေ ယိုစိမ့်မှုတွေကို ပြုပြင်နိုင်လား၊ ဒူပေနာပေခံလားလို့ ကမ်းလှမ်းစုံစမ်းတာတွေ လုပ်ထားတယ်။ ဒီလေယာဉ်ကို နေရာပေါင်းစုံသွားပြီး အလုပ်လုပ်နိုင်အောင် တီထွင်ထားတာပါ။ အရွယ်အစား ကျစ်လျစ်တာ၊ အတွင်းငုံဒလက်တွေက ဝန်တင်နိုင်စွမ်း သိပ်မြင့်တာ စတဲ့အချက်တွေက Cormorant ရဲ့ အခြေခံဒီဇိုင်းတွေပဲ ဖြစ်ပါတယ်။”
ဒီလေယာဉ်က အမေရိကန်လေကြောင်းကွပ်ကဲရေးအဖွဲ့ရဲ့ စံနှုန်းတွေနဲ့ ကိုက်ညီဖို့ လိုပါသေးတယ်။ ဒါပေမယ့် လာမယ့် ၂၀၂၀ မှာ တစင်းကို ၁၄ သန်းနဲ့ စစ်တပ်တွေကို ရောင်းဖို့ မျှော်လင့်ထားပါတယ်။
Labels: နေ့စဉ် သတင်း
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home