Friday, February 24, 2017

သင်ခရီးသွားတဲ့ အခါ ဖြစ်တတ်သော ကျန်းမာရေး ပြဿနာတွေအတွက် ဒါလေးကိုဖတ်ပါ

ဝမ်းလျှောခြင်း
ခရီးသွားစဉ် အဖြစ်များဆုံး ကျန်းမာရေး ပြဿနာကတော့ ဝမ်းလျှောခြင်းပါ။ ဒါကြောင့် ခရီးသွားနေစဉ်ကာလမှာ ဝမ်းလျှောတာကို ကာကွယ်ဖို့ အစားအသောက်တွေကို သန့်ရှင်းအောင် အထူးဂရုစိုက်သင့်ပါတယ်။ စနစ်တကျနဲ့ သေချာ ကျက်အောင် ချက်ပြုတ်ပြင်ဆင် ထားတာ မဟုတ်တဲ့ ဘယ်လိုအစာကိုမှ မစားပါနဲ့။ တွေ့ကရာရေကို မသောက်ပါနဲ့။ ရေသန့်ကိုသာ သောက်ပါ။ ရေခဲတွေကို လည်း ဂရုစိုက်ပါ။ရေသန့်ကို အေးခဲထားတာ မဟုတ်ရင် ဒါမှမဟုတ် ရေသန့်ကို ခဲထားတဲ့ရေခဲဖြစ်ပေမယ့်လည်း စနစ်တကျ သန့်သန့်ရှင်းရှင်း ကိုင်တွယ်တာ မဟုတ်ရင် ရေခဲတုံးတွေက မသန့်ပါဘူး။

ဒါကြောင့် လမ်းခရီးမှာ အအေးဝယ်သောက်ချင်ရင် ရေခဲစိမ်ထားတဲ့ အအေးဘူး၊ ပုလင်းကို သာ သောက်ပါ။အအေးကို ဖန်ခွက်ထဲထည့်ပြီးမှ ရေခဲတုံးထည့်ပြီး သောက်တာမျိုး မလုပ်ပါနဲ့။ လမ်းခရီးတစ်လျှောက် ထမင်းဆိုင်တွေမှာ ထမင်းစားမယ် ဆိုရင် ချက်ပြုတ် ပြင်ဆင်တဲ့ နေရာနဲ့ ထမင်း၊ ဟင်းတွေ ထားတဲ့နေရာကို တစ်ချက်ကြည့်ပါ။ ထမင်းဟင်း ထည့်ပေးနေသူကို တစ်ချက်ကြည့်ပါ။ သပ်ရပ်သန့်ရှင်းတယ်လို့ မထင်ရင် အဲဒီဆိုင်မှာ မစားပါနဲ့။ ဝမ်းလျှောနေပြီဆိုရင်တော့ ပထမဆုံး လုပ်ရမယ့်အလုပ်က ရေသန့်နဲ့ ဓာတ်ဆားကို ဖျော်ပြီး များများသောက်ပါ။

ဝမ်းထဲမှာ သွေးစတွေ့ရင် ဒါမှမဟုတ် ဖျားနေပြီဆိုရင် ရောဂါပိုးတွေ ကူးစက်ဝင်ရောက် နေပြီဆိုတဲ့ လက္ခဏာပါ။ ပဋိဇီဝ ပိုးသတ်ဆေးသောက်ဖို့ လိုအပ်ပါတယ်။ Ciprofloxain ဟာ ခရီးသွား ဝမ်းလျှောခြင်းအတွက် အသုံးများတဲ့ ပဋိဇီဝ ပိုးသတ်ဆေးပါ။ ၅၀၀ မီလီဂရမ်ကို တစ်နေ့ နှစ်ကြိမ် သောက်ရပါတယ်။ Loperamide ကတော့ ဝမ်းရွေ့လျားမှုကို နှေးစေတဲ့ ဆေးပါ။ ဝမ်းပိတ်ဆေးလို့ အသိများပါတယ်။ သင်ဟာ ငါးနာရီလောက် ကားစီးနေရမယ်ဆိုရင် ဝမ်းမသွားချင်အောင် အသုံးဝင်ပါတယ်။ ဒါပေမယ့် ဝမ်းပိတ်ဆေး ဆိုတာ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယား ပိုးတွေကို သင့်ရဲ့ အူတွေထဲမှာ အချိန်ကြာကြာ ပိုနေအောင် ပိတ်လှောင်ထားသလို ဖြစ်စေတဲ့အတွက် သတိထားဖို့ လိုအပ်ပါတယ်။

အရည်ကြည်ဖု
ခြေကျင်ခရီးသွားတဲ့အခါ၊ တောင်တက်တဲ့အခါနဲ့ လမ်းလျှောက်တာများတဲ့ အခါတွေမှာ ခြေထောက်မှာ အရည်ကြည်ဖု ဖြစ်လာတတ်ပါတယ်။ သင့်ဖိနပ်က သင့်ခြေထောက်နဲ့ အံဝင်ခွင်ကျ ဖြစ်ဖို့ လိုပါတယ်။ အကောင်းဆုံးကတော့ သွားတဲ့အခါ စီးနေကျ ဖိနပ်ကို စီးပါ။ ခရီးသွားမှာမို့ ဖိနပ်အသစ်လေးပြေးဝယ်ပြီး စီးမယ်ဆိုတာမျိုးက အကြံကောင်း မဟုတ်ပါဘူး။ ဖိနပ်အသစ်စီးရင် ပိုပြီး အရည်ကြည်ဖုတွေ ဖြစ်နိုင်ခြေ များပါတယ်။

ကိုယ်လက်နာကျင်ခြင်း
ခရီးသွားတဲ့အခါ ကား၊ ရထား၊ လေယာဉ်ပေါ်မှာထိုင်လျက် အိပ်ရတဲ့အခါ သက်သောင့်သက်သာ မဖြစ်တဲ့ အနေအထားကြောင့် လေးလံတဲ့ ခရီးဆောင်အိတ်တွေကို သယ်ပိုးရတဲ့ အတွက်ကြောင့် ကိုယ်လက်တွေ နာကျင်တတ်ပါတယ်။ Ibuprofen ဟာ ဒီလို ကြွက်သား နာကျင်မှုမျိုးအတွက် ဆေးဝါးကောင်း တစ်လက်ပါ။ ခရီးသွားတဲ့အခါ ဆောင်ထားသင့်ပါတယ်။ Ibuprofen ဟာ အစာအိမ်ကို ထိခိုက်စေနိုင်တဲ့ အန္တရာယ် ရှိတဲ့အတွက် အစာစားပြီးမှ သောက်ပါ။ ပါရာစီတမောကလည်း နာကျင်မှုအတွက် ကောင်းပေမယ့် Ibuprofen လိုမျိုး အရောင်ကျစေတဲ့ အာနိသင် မရှိပါဘူး။

Mg Mandalay 

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home