Monday, February 13, 2017

Taxi ဆိုင်ကယ်နှစ်စီး တိုက်မိ၍ Taxi ပေါ်ပါလာသည့် တရားလွှတ်တော်ရှေ့နေတစ်ဦး သေဆုံး

 
မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၃။ ။မော်လမြိုင်မြို့၊ မြေနီးကုန်းရပ်ကွက်၊ အဝေးပြေးလမ်းမကြီး၊ ရွှေမြင့်မိုရ်ထွန်းဟိုတယ်ရှေ့တွင် ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၃ နာရီကျော်က Taxi ဆိုင်ကယ် နှစ်စီး တိုက်မိ၍ Taxi ဆိုင်ကယ်တစ်စီးပေါ်တွင် လိုက်ပါစီးနှင်လာသော ရန်ကုန်တိုင်းဒေသကြီးမှ တရားလွှတ်တော်ရှေ့နေ ဦးအောင်မြတ်ထွဋ် သေဆုံးသွားကြောင်း မော်လမြိုင် လူမှုကယ်ဆယ်ရေး Rescue အဖွဲ့မှ သိရသည်။

မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ရွှေပြည်အေးရပ်၊ ပန်းခြံကုန်း (၅) လမ်းတွင် နေထိုင်သော ဦးသီဟစိုး မောင်းနှင်းသော Taxi ဆိုင်ကယ်ကို လှိုင်အဝေးပြေးကားကွင်းမှ ဦးအောင်မြတ်ထွဋ်က ငှားစီးခဲ့ပြီး ရွှေမြင့်မိုရ်ထွန်းဟိုတယ်သို့ ချိုးကွေ့စဉ် မော်လမြိုင်ဘူတာဘက်မှ တစ်ရက်ကွက်တည်းနေသူ ဦးပိုင်စိုး မောင်းနှင်းလာသော Taxi ဆိုင်ကယ်နှင့် တိုက်မိခဲ့ကြောင်း ဒိုင်ဝန်းကွင်းရဲစခန်း မှုခင်းမှတ်တမ်းအရ သိရသည်။

ယာဉ်တိုက်မှုကြောင့် ဦးအောင်မြတ်ထွဋ်တွင် နှဖူးပေါက်ပြဲဒဏ်ရာ နှာခေါင်းသွေးယိုဒဏ်ရာများဖြင့် ယာဉ်တိုက်မှုဖြစ်ပွားနေရာ၌ သေဆုံးခဲ့ကြောင်း ဒိုင်ဝန်းကွင်းနယ်မြေရဲစခန်း တာဝန်မှူး ရဲအရာရှိက ပြောသည်။
သေဆုံးသွားသူ ဦးအောင်မြတ်ထွဋ်သည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဓမ္မာရုံမန္တလေးလမ်း၊ တိုက်အမှတ် F21/23 တွင် နေထိုင်သူဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသူထံမှ ငွေကြေး၊ ရွှေထည်ပစ္စည်း၊ ဟမ်ဖုန်း၊ ဘဏ်စာအုပ်၊ ATM ကဒ်နှင့် ယာဉ်မောင်းလိုင်စင်တို့ကို မော်လမြိုင် လူမှုကယ်ဆယ်ရေး Rescue အဖွဲ့ရုံးတွင် ထိန်းသိမ်းထားကြောင်း၊ မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့မှ သေဆုံးသူ တရားလွှတ်တော်ရှေ့နေ ဦးအောင်မြတ်ထွဋ်၏ မိသားများနှင့် အကြောင်းကြားထားပြီးဖြစ်၍ ၎င်းမိသားစုဝင်များလည်း မော်လမြိုင်သို့ လာနေပြီးဖြစ်ကြောင်း မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

ယာဉ်တိုက်မှုနှင့် ပတ်သက်၍ အမှတ်(၁၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှ စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ဆိုင်ကယ် Taxi အငှားယာဉ်မောင်းနှင်းသူ ဦးသီဟစိုးကို ဒိုင်ဝန်းကွင်းနယ်မြေရဲစခန်းမှ (ပ) ၃ / ၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄ - က / ၃၃၇ အရ အမှုဖွင့်အရေးယူထားကြောင်း ဒိုင်ဝန်းကွင်းနယ်မြေရဲစခန်းမှူး ရဲအုပ် အောင်ကျော်ထွေးက ပြောသည်။

သတင်း - ရွှေရိုး၊ ခေတ်မင်း
ဓါတ်ပုံ - ဇင်မိုး

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home