Sunday, March 19, 2017

နားလည်ရန်ခက်ခဲတဲ့ ငါးရက် နှင့် ဆယ်ရက်

ခတ်သစ်မြန်မာစာ ပေါ်ထွန်းရာလည်း ဖြစ်သည်။ မူဝါဒ ချောင်းကြည့်ပေါက်လည်း ဖြစ်သည်။
နိုင်ငံတော်သမ္မတရုံးသည် ပိတ်ရက်ကို ငါးရက်လျှော့သည်ဟု ကြေညာသည်။ ထို့နောက်တွင် ၁၀ ရက် ဖြစ်ပြန်သည်။ ငါးနှင့် တစ်ဆယ်အကြား ပြည်သူများမှာ  မျက်စိလည်ကြကုန်၏။
သင်္ကြန်ပိတ်ရက် ၁၀ ရက် ဖြစ်ခဲ့သည်မှာ လွန်ခဲ့သည့် ၁၀ နှစ်ကျော် ၂၀၀၇ ခုနှစ် စစ်အစိုးရလက်ထက် ကတည်းက ဖြစ်သည်။ ယခုအစိုးရလက်ထက် ရောက်သောအခါ သင်္ကြန်ပိတ်ရက် ၁၀ ရက်ကို  ငါးရက်အဖြစ် ပြောင်းလဲခဲ့သည်။ ယင်းသို့ ပြောင်းလဲကြောင်း မတ်လ ၉ ရက်နေ့တွင်  နိုင်ငံတော်သမ္မတရုံးက ကြေညာချက်ထုတ်သည်။
မြန်မာနှစ်သစ်ကူးပိတ်ရက် ရောက်ရန် တစ်လကျော်ကျော်လေးတွင်မှ ကြေညာခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်သမ္မတရုံး၏ သင်္ကြန်ပိတ်ရက် ကြေညာချက်နှင့် ပတ်သက်၍ မြန်မာစာအရေးအသား ရှုပ်ထွေးလှခြင်းကြောင့် လူပြောသူပြောများသည်။ အရေးအသားတင်မက မူဝါဒပိုင်းဆိုင်ရာတွင် လည်းကောင်း၊ ပြည်သူများကို အသိပညာပေးရာတွင် လည်းကောင်း ဝေဖန်မှုများက မနည်းမနော။
သမ္မတရုံး မြန်မာစာ
နိုင်ငံတော်သမ္မတရုံး ကြေညာချက်သည် မြန်မာစာကို မြန်မာတွေ နားလည်ရန် ခက်ခဲသည်အထိ ဆိုးရွားလှသည်။
ဤသို့ဆိုးရွားကြောင်းကို နိုင်ငံတော်သမ္မတရုံး၏ အင်တာနက် လူမှုကွန်ရက် Facebook တွင် ဝင်ရောက်ရေးသားကြသူများ၏ မှတ်ချက် (Comment) များက သက်သေခံလျက်ရှိသည်။ သမ္မတရုံး၏ မြန်မာစာ အရေးအသား ရှုပ်ထွေးပုံကို လှောင်ပြောင်ထားသည့် အောက်ပါမှတ်ချက်တစ်ခုကို ကြည့်ပါ။
“ငါးရက်ဆိုတာ ၁၀ ရက်ကို ဆိုလိုတာပါ။ ၁၀ ရက်လို့ ပြောပေမယ့် ငါးရက်ပါ။ သို့သော် ဒီ ငါးရက်က ၁၀ ရက် ဖြစ်ပါမယ်။ ငါးရက်နဲ့ ၁၀ ရက်တူတာ ဒီနှစ်တစ်နှစ်ပဲ ဖြစ်ပြီး နောက်နှစ်မှာ ၁၀ ရက်က  ငါးရက် ဖြစ်မှာပါ” ဟူ၍။
သမ္မတရုံး၏ မတ်လ ၉ ရက်နေ့ ကြေညာချက်မှာ ရှုပ်ထွေးပြီး နားမလည်ကြောင်း ရွှေလင်ပန်းစက်မှုဇုန် ဥက္ကဋ္ဌ  ဦးအေးသောင်းက ယခုကဲ့သို့ အကြံပြုသည်။
“ကျွန်တော် သေချာဖတ်ပါတယ်။ ပညာတတ်တဲ့ ကျွန်တော်တို့တောင် လည်လည်သွားပါတယ်။ မြန်မာစာတောင် ပြန်သင်ရမလို ဖြစ်သွားတယ်။ နောင်ထုတ်မယ့်၊ လူအများ သိရမယ့် ကိစ္စတွေကို ရှင်းရှင်းလင်းလင်း ရေးပေးဖို့ အကြံပြုပါတယ်”
ထို့နောက် မတ်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ချက် နောက်တစ်ခုကို ထုတ်ရပြန်သည်။ ယင်းထုတ်ပြန်ချက်သည် အတော်အတန် ရှင်းလင်းပါသည်။
အချုပ်ဆိုရလျှင် သင်္ကြန်ပိတ်ရက်မှာ ငါးရက်ဖြစ်သည်။ သီတင်းကျွတ်တွင် ယခင်က တစ်ရက်သာ ပိတ်ရာမှ ယခုအခါ နှစ်ရက်တိုး၍ သုံးရက်ပိတ်မည်။ တန်ဆောင်တိုင်တွင် ယခင် တစ်ရက်ပိတ်ရာမှ ယခုတစ်ရက်တိုး၍ နှစ်ရက်ပိတ်မည်။ နိုင်ငံတကာ နှစ်ကူးနေ့ကို နှစ်ရက်ပိတ်မည်။ ထို့ကြောင့် ပိတ်ရက်မှာ စုစုပေါင်း ၁၀ ရက် ဖြစ်သည်။
ပြည်သူ့ဝန်ထမ်းများအတွက် ပိတ်ရက်
ပြည်သူ့ဝန်ထမ်းများအတွက် သင်္ကြန်ပိတ်ရက်ကို ၁၀ ရက် ခံစားရစေရန် အုပ်ချုပ်မှု နည်းလမ်းနှင့် ဌာနဆိုင်ရာ အစီအစဉ်အရ ဆောင်ရွက်ပေးမည်ဟု နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆိုသည်။ မတ်လ ၉ ရက်နေ့ ထုတ်ပြန်ချက်တွင်လည်း ယင်းသို့ ဖော်ပြထားသည်။  ပြည်သူများက မရှင်းလင်းကြ။
ဆိုလိုသည်မှာ အလုပ်မရှိသော သို့မဟုတ် အလုပ်ပိတ်၍ရသော ဝန်ကြီးဌာနများကို ၎င်းတို့ဌာနဆိုင်ရာ အစီအစဉ်ဖြင့် သင်္ကြန်ရုံးပိတ်ရက်ကို ၁၀ ရက် ပိတ်ပေးမည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ယင်းသည် ဝန်ကြီးဌာန တစ်ခုချင်းအလိုက် မတူညီကြ။ ပိတ်၍မရသော ဝန်ကြီးဌာန များကိုမူ ပိတ်မည် မဟုတ်ချေ။
“သင်္ကြန်ပိတ်ရက် ငါးရက်လို့ပဲ သိရသေးတယ်။ လက်ရှိအချိန်ထိ ဘယ်နှရက်ပိတ်တယ် ဆိုတာကို ရုံးစာမထွက်သေးဘူး” ဟု  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ ပြည်သူ့ဝန်ထမ်းတစ်ဦးက ပြောသည်။
ပညာရေး ဝန်ကြီးဌာနနှင့် အခြားသော ဝန်ကြီးဌာန တစ်ခုကမူ သင်္ကြန်ပိတ်ရက် ၁၀ ရက်ကို ယခင်နှစ်များအတိုင်း ခံစားခွင့်ပြုရန်အတွက် ရုံးတွင်းအမိန့်စာများ ထွက်ရှိလာသည်။ ယင်းအမိန့်စာများသည်လည်း Facebook စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိသည်။ 

အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့၏ ပိတ်ရက်မှာ ၁၀ ရက် ဖြစ်သည်။ သင်္ကြန်ပိတ်ရက် ဂယက်ထနေချိန်တွင် အချို့က ရင်မခုန်ကြ။ ပိတ်ရက်ရသည့်တိုင် အလုပ်တာဝန်အရ အချိန်မရွေး ရုံးတက်ရသည့် အတွက်ကြောင့်ပင်။ ငါးရက် ၁၀ ရက် သတ်မှတ်ချက်များသည် အချို့သော ပြည်သူ့ဝန်ထမ်းများ အတွက်မူ ထူးခြားမှု မရှိဟု ဝန်ထမ်းအချို့က ဆိုကြသည်။
“ထွေအုပ်ကတော့ ဘယ်နှရက်ပဲပိတ်ပိတ် ရင်မခုန်တော့ပါဘူး။ ပိတ်ရက်လည်း အလုပ်ရှိရင် ထသွားနေရတာပဲ။ ပိတ်ရက်များလည်း ရင်မခုန်တော့ဘူး” ဟု ကလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ စာရေးဖြစ်သူ ဒေါ်ထက်နန္ဒီမြင့်က ပြောသည်။
ပုဂ္ဂလိက ဝန်ထမ်းများအတွက် ပိတ်ရက်
ပြည်သူ့ဝန်ထမ်းများ အတွက်မူ သင်္ကြန်ပိတ်ရက် ၁၀ ရက် ခံစားရရေး အစိုးရက ဆောင်ရွက်ပေးမည်ဟု တရားဝင် ကြေညာသည်။ မူဝါဒကို အချိန်ကပ်ပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများကို တာဝန်ယူသည့် သဘောပင် ဖြစ်သည်။
သို့သော်လည်း ပုဂ္ဂလိကဝန်ထမ်းများ အတွက်မူ မည်သို့ စီစဉ်မည်နည်း။
ပုဂ္ဂလိက ဝန်ထမ်းများတွင်လည်း သင်္ကြန်ပိတ်ရက်၌ ရွာပြန်သူ ရှိသည်။ ဥပုသ်သီလ ဆောက်တည်သူ ရှိသည်။ ရက်ရှည်ရုံးပိတ်ချိန်တွင် အိမ်ပြင်သူများလည်း ရှိသည်။
မတ်လ ၁၃ ရက်နေ့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် အလုပ်ရှင်များနှင့် ဝန်ကြီးဌာနတို့ တွေ့ဆုံခဲ့သည်။
ယင်းတွေ့ဆုံပွဲတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပုဂ္ဂလိက အလုပ်သမားများကို သကြန်ရုံးပိတ်ရက် ၁၀ ရက် ပိတ်ပေးရန် အလုပ်ရှင်များနှင့် ညှိနှိုင်းခဲ့သည်။ ယင်းသို့ ညှိနှိုင်းရာတွင် အလုပ်ရှင်များကလည်း ခြွင်းချက်များဖြင့် သဘောတူခဲ့ကြသည်။
ခြွင်းချက်များမှာ လုပ်ငန်းအမျိုးအစားပေါ် မူတည်၍ ပိတ်ရက်များကို ခွင့်ရက်အဖြစ် သတ်မှတ်ပေးခြင်း၊ အခြားသော ရုံးပိတ်ရက်တွင် အစားထိုး ဆင်းပေးခြင်း၊ အချိန်ပိုထပ်ဆောင်း၍ အလုပ်ဆင်းပေးခြင်း စသည့် နည်းလမ်းများဖြင့် သင်္ကြန်ပိတ်ရက် ၁၀ ရက်ပိတ်ရန် အလုပ်ရှင်များက သဘောတူခဲ့ကြသည်။
အလုပ်သမားအဖွဲ့များကမူ သင်္ကြန်ပိတ်ရက်များကို တစ်ဆက်တည်း ၁၀ ရက် ပိတ်ပေးရန် တောင်းဆိုခဲ့ကြသည်။
တောင်းဆိုသည့် အဖွဲ့များတွင် မြန်မာနိုင်ငံ တက္ကသိုလ်ဆရာ၊ ဆရာမများအသင်း၊ မြန်မာနိုင်ငံ တောင်သူလယ်သမား စိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ် လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်နှင့် မြန်မာ့ပင်လယ်ရေကြောင်း အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်တို့ ပါဝင်သည်။
“အလုပ်သမားတွေက ဒီသင်္ကြန်ကျမှ ရွာပြန်ရတာ။ နီးသူတွေလည်း ရှိတယ်။ ဝေးသူတွေလည်း ရှိတယ်။ မိဘရပ်ရွာပြန်ဖို့ ခွင့်ရက်ရှည်က ဒီရက်တွေပဲရှိတယ်။ သင်္ကြန်တွင်းမှ ပြန်လို့မရဘဲ။ ကားမှမရှိတာ” ဟု နေစွမ်းအား လေထိုးမွေ့ယာ စက်ရုံမှ အသက် ၂၃ နှစ်အရွယ် အလုပ်သမားတစ်ဦးက ဆိုသည်။
ကော်လာပြာ လုပ်သားများနည်းတူ ကော်လာဖြူများသည်လည်း သင်္ကြန်ပိတ်ရက်ကို တစ်ဆက်တည်း ၁၀ ရက်သာ လိုလားကြသည်။
“ကျန်တဲ့အချိန်က တစ်ချိန်လုံး စနေမရှိ၊ တနင်္ဂနွေမရှိ သွားနေရတာလေ။ ဒီအချိန်တော့လည်း နားရမှာပေါ့” ဟု  ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA) မှ Project Assistant Officer ကိုသော်ဖြိုးရွှေက ဆိုသည်။
သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) မှ ဆက်သွယ်ရေးအရာရှိ ဦးသက်ဆွေအေးကမူ အစိုးရသည် နယ်ပြန်မည့် အလုပ်သမားများ အတွက်လည်း ထည့်သွင်းစဉ်းစားသင့်ကြောင်း ပြောဆိုသည်။
ပိတ်ရက်ရှည်လျှော့ရခြင်း အကြောင်း
သင်္ကြန်ပိတ်ရက်ရှည်များခြင်းကြောင့် ဘဏ်ပိတ်ရက်များသည်။ ဝန်ကြီးဌာနများလည်း အလုပ်မလုပ်။ ထို့ကြောင့် နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်သည့် လုပ်ငန်းများမှာ အခက်အခဲတွေ့ရသည်။ အထူးသဖြင့် ကုန်သွယ်ရေးပိုင်းတွင် ဖြစ်သည်။ အစိုးရကလည်း ယင်းသို့သော  အကြောင်းရင်းများကြောင့် သင်္ကြန်ပိတ်ရက်ရှည်ကို လျှော့ချရခြင်း ဖြစ်ကြောင်း  ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ပိတ်ရက်များခြင်းကြောင့် ရေထွက်ကုန်ကဲ့သို့ ကုန်စည်များမှာ ပြည်ပပို့ရာတွင် ဖြစ်စေ၊ တင်သွင်းရာတွင်ဖြစ်စေ အခက်တွေ့ရလေ့ ရှိသည်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က ပြောကြားသည်။
သင်္ကြန်ပိတ်ရက်များအတွင်း ပြည်ပမှ ကုန်သေတ္တာတင်သင်္ဘောများ ဆိပ်ကမ်းသို့ ဆိုက်ရောက်ချိန် ဖြစ်ပါက ပစ္စည်းမထုတ်ယူနိုင်သောကြောင့် ငွေကြေးပိုကုန်ကျသည်ဟု ၎င်းက ဆိုသည်။
မြန်မာသည် နောင်အနှစ် ၂၀ တွင် စင်ကာပူကို ကျော်မည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူခရီးစဉ်တွင် ပြောကြားခဲ့သောကြောင့် စင်ကာပူ၏ အများပြည်သူ ရုံးပိတ်ရက်များကို လေ့လာကြည့်မိသည်။
စင်ကာပူသည် ယခု ၂၀၁၇ ခုနှစ်တွင် စနေ၊ တနင်္ဂနွေ မဟုတ်သည့် အများပြည်သူ ရုံးပိတ်ရက်ပေါင်း ၁၁ ရက် ရှိသည်။ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင် အများပြည်သူ ရုံးပိတ်ရက်ပေါင်း ၁၃ ရက် ရှိသည်။
မြန်မာနိုင်ငံသည် လက်ရှိ ၂၀၁၇  ခုနှစ်တွင် အများပြည်သူ ရုံးပိတ်ရက်ပေါင်း ၂၆ ရက် ရှိသည်။
စင်ကာပူကိုကျော်မည့် မြန်မာသည် ရုံးပိတ်ရက်တွင် စင်ကာပူထက် နှစ်ဆကျော် ပိုသည်။ မြန်မာသည် ယခုကဲ့သို့ ရုံးပိတ်ရက်များပြီး အလုပ်ချိန်နည်းပါက စင်ကာပူကို ကျော်နိုင်ပါမည်လား။ ထို့ပြင်  စင်ကာပူတွင် သယ်ယူပို့ဆောင်ရေး ကောင်းသောကြောင့် လုပ်ငန်းခွင်သို့ မိနစ်သုံးဆယ်ခန့်အတွင်း ရောက်ရှိနိုင်သည်။ မြန်မာတွင်မူ ရန်ကုန်ကဲ့သို့ မြို့ကြီးများ၌ ခရီးဝေးသူများမှာ နာရီနှင့်ချီကြာ၍ လုပ်ငန်းခွင်သို့ သွားနေရသည်။ အချိန်ဆုံးရှုံးမှုသည် ယေဘုယျအားဖြင့် လုပ်အားဆုံးရှုံးမှုပင် ဖြစ်သည်။
ထိုပြင် ဝန်ကြီးဌာန လုပ်ငန်းခွင်များရှိ ဝန်ထမ်းအချို့သည် အလုပ်ချိန်အတွင်း  လုပ်ငန်းခွင်နှင့် မဆိုင်သည့် လက်ဖက်ရည်ဆိုင် ထွက်ထိုင်ခြင်း၊ ပြင်ပသို့ ဈေးဝယ်ထွက်ခြင်း၊ အလုပ်ချိန် နောက်ကျခြင်း၊ အလုပ်ချိန် စောဆင်းခြင်းတို့ကိုလည်း ပြုလုပ်လျက်ရှိရာ စွမ်းဆောင်ရည်ပြည့်  အလုပ်မလုပ်နိုင်ကြ။
သို့သော်လည်း ပုဂ္ဂလိကကဏ္ဍတွင်မူ လုပ်ငန်းခွင်အတွင်း အချိန်နှင့် ပတ်သက်၍ အထိန်းအကွပ်များ ရှိပါသည်။
“ကျွန်မတို့က အလုပ်ချိန်နောက်ကျလို့ မရဘူးလေ။ နောက်ကျရင် လစာဖြတ်မှာပေါ့” ဟု လှိုင်သာယာစက်မှုဇုန် (၄) ရှိ စားသောက်ကုန် ထုတ်လုပ်ငန်းတစ်ခုမှ အလုပ်သမား မချိုမြင့်က ဆိုသည်။
အလုပ်လုပ်ချိန်တိကျပြီး လုပ်ငန်းခွင်အတွင်း ကုန်ထုတ်စွမ်းအားကောင်းသည့် ဂျပန်တို့သည် ဒုတိယကမ္ဘာစစ်အပြီး ပြာပုံဘဝမှ ကမ္ဘာထိပ်တန်းသို့ အလုပ်လုပ်ခြင်းဖြင့် တက်လှမ်းခဲ့ခြင်းပင် မဟုတ်ပါလော။
မူဝါဒ ချောင်းကြည့်ပေါက်
ပိတ်ရက်သည် သာမန်အားဖြင့် ပိတ်ရက်သာ ဖြစ်သည်။ အများပြည်သူ အနားယူရာ နေ့စွဲများဖြစ်သည်။ သို့သော်လည်း NLD အစိုးရလက်ထက် ထုတ်ပြန်သော နားရက်များသည် ဤအဓိပ္ပာယ်ထက် ပိုသည်။
ပိတ်ရက်များ ကြေညာခြင်းမှတစ်ဆင့် အစိုးရ၏ မူဝါဒပိုင်းဆိုင်ရာ ကျွမ်းကျင်မှု တစ်စွန်းတစ်စကို တွေ့မြင်နိုင်သည်။
မတ်လ ၁၃ ရက်နေ့တွင် ပြုလုပ်သော အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အလုပ်ရှင်များ တွေ့ဆုံရာတွင် အလုပ်ရှင်များက ၎င်းတို့၏ သဘောထားကို ဖော်ထုတ်ခဲ့သည်။
“တစ်ယောက်အပေါ် တစ်ယောက်  ထင်ယောင်ထင်မှား ဖြစ်ကြရရင် မကောင်းပါဘူး။ ဒီအချိန်ဟာ ဆူလွယ်နပ်လွယ် ဖြစ်နေတဲ့ အချိန်မို့ပါ” ဟု လုပ်ငန်းရှင်လည်း ဖြစ်၊ ရွှေလင်ပန်းစက်မှုဇုန် ဥက္ကဋ္ဌလည်း ဖြစ်သော ဦးအေးသောင်းက အစိုးရ၏ သင်္ကြန်ပိတ်ရက် ပြင်ဆင်သတ်မှတ်ခြင်းအပေါ်  မှတ်ချက်ပြုသည်။
ဦးအေးသောင်း၏ ရွှေလင်ပန်း စက်မှုဇုန်အတွင်း ပြီးခဲ့သည့် သီတင်းပတ် အတွင်းကပင် အလုပ်သမား ဆန္ဒပြပွဲများ  ဖြစ်ပွားခဲ့သည်။ အထည်ချုပ်စက်ရုံများ အပါအဝင် အလုပ်ရုံ သုံးရုံထက်မနည်း  ဆန္ဒပြပွဲများ ဖြစ်ပေါ်လျက်ရှိပြီး အချို့မှာ ယခုတိုင် မပြေလည်သေးပေ။ ထို့အတူ လှိုင်သာယာ စက်မှုဇုန် (၄) ရှိ စားသောက်ကုန်ထုတ် စက်ရုံတွင်လည်း ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သေးသည်။
အရှိန်ရစ ပြုနေသော အလုပ်ရှင်၊ အလုပ်သမား ပြဿနာကို အစိုးရ၏ သင်္ကြန်ပိတ်ရက် ကိစ္စကြောင့် ပိုမိုမကြီးထွားရန် ဦးအေးသောင်းက ဆန္ဒရှိနေသည်။
ထို့ပြင် အစိုးရသည် ၂၀၁၇ ခုနှစ် ရုံးပိတ်ရက်များကို ၂၀၁၇ မတ်လရောက်မှ ကြေညာသည်မှာလည်း မဖြစ်သင့်ဟု ဝေဖန်သူများက ဆိုသည်။ ကာလတစ်ခုအကြာ ပြင်ဆင်ပြီးမှသာ ကြိုတင်ကြေညာသင့်သည်ဟု ၎င်းတို့က ဆိုကြသည်။ အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများ အတွက် ကောင်းမွန်သော ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ပြီး ပြည်သူ့အသံ နားထောင်၍  ပြုလုပ်သင့်သည်ဟု ၎င်းတို့က ဆိုကြသည်။
ပြည်ထောင်စုအစိုးရ၏ သင်္ကြန်ပိတ်ရက်ကို ဆိုင်းမဆင့် ဗုံမဆင့်ဘဲ ရုတ်ချည်းကြေညာမှုကြောင့် ရိုက်နှိပ်ပြီး ၂၀၁၇ ခုနှစ် ပြက္ခဒိန်များသည်ပင် အမှားများ ဖြစ်ခဲ့ရသည် မဟုတ်ပါလော။
ပြည်ထောင်စုအစိုးရသည် မူဝါဒဆိုင်ရာ ပြဿနာများတွင် ယခုကဲ့သို့ အလျင်စလို လုပ်လေ့ရှိသည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက ဆိုသည်။ ပြည်ထောင်စုအစိုးရ သာမက တိုင်းဒေသကြီးအစိုးရ အဆင့်တွင်လည်း မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ရေကြီးသုတ်ပြာနိုင်လှသည်ကို YBS နှင့် သင်္ကြန်မဏ္ဍပ်ကဲ့သို့ ကိစ္စများတွင် တွေ့မြင်ခဲ့ရပြီး ဖြစ်သည်။
အစိုးရ၏ ပိတ်ရက်ရှည် မူဝါဒ အပြောင်းအလဲအတွက် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) မှ ဆက်သွယ်ရေး အရာရှိ ဦးသက်ဆွေအေးက သင်္ကြန်ပိတ်ရက်တစ်ဖြစ်လဲ မူဝါဒ ချောင်းကြည့်ပေါက်မှ တစ်ဆင့် ယခုကဲ့သို့ မေးခွန်းထုတ်လိုက်လေသည်။
“အဲလို (ပိတ်ရက်ရှည်) ပိတ်လို့ နိုင်ငံနစ်နာရင် ဘာနစ်နာလဲ။ Survey (စစ်တမ်း) လုပ်ထားတာရှိလဲ။ ဘာမှအတိအကျ မရှိဘူး”
ရဲနိုင်ဦး    
The Voice

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home