Tuesday, March 21, 2017

သင်္ကြန်အတွင်း ကားလက်မှတ်ခကို ဈေးပိုရောင်းပါက ထိရောက်စွားအရေးယူမည်

အဝေးပြေး ကားလက်မှတ်ခကို ကျသင့်သည်ထက် ဈေးပိုရောင်းချနေသည့်အတွက် သတိပေးစာ ထုတ်ပြန်မည်ဖြစ်ပြီး ထပ်မံ ရောင်းချပါက ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ထံမှ သိရသည်။ အဝေးပြေး ကားလက်မှတ်ခများ ၅၀ ရာခိုင်နှုန်း တိုးကောက်ရန် ခွင့်ပြုချက် မချသေးခင် လက်ရှိအချိန်တွင် သတိပေးစာ ထုတ်မည်ဖြစ်သည်။ “ဆုံးဖြတ်ချက်က မပြတ်သေးဘူး။ အခုလို တိုးရောင်းနေတဲ့အတွက် ဒီရက်ပိုင်းထဲ သတိပေးစာ ထုတ်မယ်။ ထပ်ရောင်းရင် ၂၀၁၅ မော်တော်ယာဉ်ဥပဒေအတိုင်း အရေးယူမယ်”ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးသန်းဝင်းက ဆိုသည်။ ဧပြီလ ၉ ရက်မှ ၁၂ ရက်အထိ ခရီးသည် မပါဘဲ ပြေးဆွဲသည့် အရှုံးပေါ်မှုကို ကာမိရန် မတ်လ ဒုတိယအပတ်က ကားလက်မှတ်နှုန်း တိုးမြှင့်ကောက်ခံခွင့်ပြုရန် ယာဉ်လိုင်းလုပ်ငန်းရှင်အချို့က တောင်းဆိုခဲ့ခြင်းဖြစ်သည်။ အဆိုပါ တောင်းဆိုမှုနှင့်ပတ်သက်ပြီး အဝေးပြေး ခရီးသည်တင် ယာဉ်လုပ်ငန်းရှင်များနှင့် ညှိနှိုင်းရမည့်အချက်များ ရှိနေသဖြင့် မတ်လ ၂၄ ရက်မှသာ ဆုံးဖြတ်ချက် ပေးနိုင်မည်ဖြစ်ကြောင်း ဦးသန်းဝင်းက ပြောကြားသည်။ သင်္ကြန်ကာလတွင် အဝေးပြေး ကားလက်မှတ်များ တိုးရောင်းနေခြင်းမှာ နှစ်စဉ်ဖြစ်ပြီး မည်သို့ပင် ထိရောက်အောင် အရေးယူမည်ဖြစ်စေ တိုးရောင်းခြင်းမှာ ပျောက်ကွယ်သွားခြင်း မရှိကြောင်း၊ ယခုနှစ်တွင်လည်း လက်မှတ်ခ ဈေးကြီးပေး ဝယ်ကာ စီးနင်းရကြောင်း မတ်လ ဒုတိယ အပတ်က နေပြည်တော်သို့ပြန်သည့် ခရီးသည် တစ်ဦးက ပြောကြားသည်။ “တိုင်ရင်လည်း မူလဈေးအတိုင်းသာ ပြန်ရတာ အဝေးပြေးဝင်းမှာတင် အချိန် အတော်ပေးရတယ်။ ကားထွက်ချိန် နောက်ကျတာနဲ့ အဆင့်ဆင့်တွေ လုပ်နေတာ မပြီးတာနဲ့ မပေးချင်လည်း တိုးကောက်တာကို လက်ခံပြီး စီးနေရတဲ့ ခရီးသည်တွေ အများကြီးပဲ”ဟု ၎င်းကဆိုသည်။ အောင်မင်္ဂလာ အဝေးပြေးဝင်းတွင် ခရီးသည်တင် မော်တော်ယာဉ်လိုင်း ၁၀၇ လိုင်း ရှိပြီး ယာဉ်စီးရေ ၁၃၄၀ စီးရှိကြောင်း YRTA (အဝေးပြေး)ထံမှ သိရသည်။
The Voice

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home