Saturday, January 28, 2017

ဒဂုံမြို့နယ်တွင် ယာဉ်တစ်စီးက စည်ပင်ဝန်ထမ်း အမျိုးသားတစ်ဦးအား ၀င်တိုက်မိသဖြင့် သေဆုံး

ဒဂုံမြို့နယ်တွင် ယာဉ်တစ်စီးက စည်ပင်ဝန်ထမ်း အမျိုးသားတစ်ဦးအား ၀င်တိုက်မိသဖြင့် သေဆုံးမှု ဇန်န၀ါရီ ၂၈ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဇန်န၀ါရီ ၂၈ ရက် ည ၇ နာရီခွဲကျော်ခန့်တွင် ဒဂုံမြို့နယ် ဦးဝိစာရလမ်းအတိုင်း ရွှေတိဂုံဘုရားဘက်မှ အမျိုးသားကဇာတ်ရုံဘက်သို့ မောင်းနှင်လာသော ယာဉ်တစ်စီးသည် အမှတ် ၂ စစ်ဆေးရုံ ပြင်ပလူနာဆောင်ရှေ့ အရောက်တွင် လမ်းဖြတ်ကူးသူ အမျိုးသားတစ်ဦးအား တိုက်မိခဲ့ကြောင်း သိရသည်။
“အဲဒီကားက ပြိုင်ကားလိုပုံစံပဲ။ သူက ဘုရားဘက်ကနေ မောင်းလာတာ။ စစ်ဆေးရုံရှေ့ အရောက်မှာ လမ်းဖြတ်ကူးတဲ့ အမျိုးသားတစ်ဦးကို တိုက်မိတာပါ။ စတိုက်တုန်းက ကားဘောနက်ဖုံးနဲ့ အရင်ထိတယ်။ ပြီးတော့ မှန်ကိုဝင်ဆောင့်မိတယ်။ နောက်ဆုံးကျတော့မှ တိုက်မိတဲ့အမျိုးသားက လမ်းပေါ်ပြန်ကျသွားတာ” ဟု အဆိုပါယာဉ်တိုက်မှု ဖြစ်စဉ်အား တွေ့မြင်လိုက်ရသူတစ်ဦးက ပြောကြားသည်။
ယင်းသို့ တိုက်မိသည့်အမျိုးသားမှာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးခဲ့ပြီး အဆိုပါ အမျိုးသားမှာ ဒဂုံမြို့နယ်အတွင်းရှိ စည်ပင်ဝန်ထမ်းအိမ်ရာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။
“အဲဒီကောင်လေးက စည်ပင်သန့်ရှင်းရေးလေးပါ။ ဒီမြို့နယ်ထဲမှာပဲရှိတဲ့ စည်ပင်ဝန်ထမ်းအိမ်ရာမှာ နေတာလို့ သိရတယ်။ အခင်းဖြစ်ပွားရာ နေရာမှာပဲ တိုက်မိတဲ့ဒဏ်ရာတွေနဲ့ သေသွားတယ်။ ကားမောင်းတဲ့သူကိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ရဲကားနဲ့ စခန်းကို ခေါ်သွားပါပြီ” ဟု အဆိုပါ အနီးအနားတွင် နေထိုင်သူတစ်ဦးက ဆိုသည်။
အဆိုပါဖြစ်စဉ်အား သက်ဆိုင်ရာရဲစခန်းမှ အမှုဖွင့်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Writer: 
သီဟအောင်၊ နေ၀န်းထက် /ELEVEN

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home