Sunday, February 26, 2017

အိမ်ရှိသစ်ခွပင်လေးတွေ အပွင့်များများ ပွင့်စေဖို့



သစ်ခွပန်းပွင့်စေချင်ရင် ကျနော်နားလည်သလောက် လုပ်လို့ရတဲ့နည်း နှစ်မျိုးရှိပါတယ်။
၁။လိုအပ်တဲ့အလင်းရောင်၊ ရေ၊ လေ၀င်လေထွက်၊ မြေသြဇာတွေကို ရသင့်သလောက်ရအောင်လုပ်ပေးပြီး ရောဂါကင်း၊ ကျန်းမာတဲ့အပင်ဖြစ်အောင်ပြုစုပြီးတော့ ပန်းပွင့်စေတဲ့နည်း။
၂။ပန်းပွင့်ဟော်မုန်းသုံးပြီး(ရောဂါဖြစ်နေတာ၊ အားနည်းနေတာ၊ အဟာရချို့တဲ့တာ၊ လိုအပ်ချက်ရှိနေတာတွေကို နားမလည်ဘူး) အတင်းပွင့်ခိုင်းတဲ့နည်း ဆိုပြီးတော့ နှစ်မျိုးရှိပါတယ်။ ဘယ်နည်းကိုသုံးချင်လဲ။ အကောင်းဆုံးက နံပါတ်(၁) နည်းနဲ့ ပန်းပွင့်တွေရရှိလာအောင်လုပ်တာ အကောင်းဆုံးပါပဲ။ စိုက်ပျိုးမှုများတဲ့ ဒင်ဒရို၊ ကက်တလီယာ၊ လိပ်ပြာသစ်ခွတို့ကို စိုက်ပျိုးနည်းတွေ တင်ပေးတာ သစ်ခွချစ်သူတွေအနေနဲ့ ပန်းပွင့်တွေ ရစေချင်လို့ပါ။ ဒါပေမယ့် သစ်ခွချစ်သူတွေက နည်းစနစ်ပိုင်းကို ဂရုစိုက်ပုံမရဘူး။ ပန်းပွင့်တော့ လိုချင်တယ်။ ဒီတော့လည်း နံပါတ်(၂) နည်းကို သုံးပေါ့။
နံပါတ်(၂)နည်းကို သုံးတဲ့အခါ တစ်ခုရှိတာက ပန်းပွင့်ပြီးတဲ့အခါ အပင်အား အရမ်းယုတ်သွားလိမ့်မယ်။ အားနည်းတဲ့အတွက် ရောဂါတွေဝင်လာနိုင်တယ်။ စိုက်ပျိုးသူ အသုံးမကျရင် အပင်သေနိုင်ပါတယ်။ ကျနော်နားလည်ထားတာတွေကို ဥပမာတစ်ခုနဲ့ရေးပြမယ်။ အဲဒါက အပင်တွေ ပွင့်တယ်၊ သီးတယ်ဆိုတာ မိခင်တွေ ကလေးမွေးတာနဲ့တူတယ်။ အပွင့်၊ အသီးဆိုတာ အပင်မဟုတ်ဘူး။ အပင်ကိုမှီပြီး ဖြစ်တည်လာတဲ့ တခြားအင်္ဂါအစိတ်အပိုင်းတစ်ခု။ ကလေးတွေက မိခင်ရဲ့ကိုယ်မှာရှိတဲ့ အာဟာရကို စားသုံးပြီး ကြီးထွားဖွံ့ဖြိုးလာသလို အဖူးအပွင့်တွေကလည်း သူတို့မှီပြီးဖြစ်တည်လာတဲ့ အပင်ဆီက နိုတ်ထရိုစတဲ့ အာဟာရကို စားသုံးပြီး ကြီးထွားရပါတယ်။ အဖူး ဖူးဖို့၊ အပွင့်ပွင့်ဖို့အတွက် အပင်တွေက သူတို့ပုံမှန်လုပ်နေတဲ့ အလုပ်အပြင် အဖူး၊ အပွင့်အတွက်ပါ အားစိုက်ပြီးထပ်လုပ်ရတယ်။
ဒီတော့ နဂိုကတည်းက လိုအပ်ချက်တွေရှိနေလို့ ရောဂါဖြစ်နေလို့ အာဟာရမလုံလောက်လို့ အားနည်းနေတဲ့ အပင်တွေကို ဟော်မုန်းသုံးပြီး အပွင့် ပွင့်ခိုင်းရင် ရက်စက်ရာများ ကျနေမလားလို့ပါ။
ကျနော် တစ်ရှူးကာချာ နည်းနဲ့ ပွါးထားတဲ့ သစ်ခွလိပ်ပြာ ပျိုးပုလင်းတွေဝယ်ပြီး အများကြီးစိုက်ဖူးတယ်။ အဲလိုစိုက်တဲ့အခါ ပန်းပွင့်နိုင်တဲ့အရွယ်ရောက်ဖို့ တစ်နှစ်၊ တစ်နှစ်ခွဲလောက်ကြာတယ်။ ရှစ်လလောက်ဆို ကျနော်က အပွင့်ကိုမြင်ချင်နေပြီ။ ဘယ်လို ကာလာမျိုးလဲဆိုတာ အရမ်းသိချင်တော့ အရွယ်မရောက်သေးတဲ့ အပင်သေးသေးလေးတွေကို အပွင့် ပွင့်ခိုင်းတယ်။ နှစ်ပွင့် သုံးပွင့်လောက် ပွင့်တယ်။ပွင့်ပြီးတဲ့အချိန်မှာ အဲဒီအပင်လေးတွေကို ထိန်းရတာ ဂရုစိုက်ရတာ ပုံမှန်ထက်နှစ်ဆလောက်ပင်ပန်းတယ်။ အရိပ်တစ်ကြည့်ကြည့်နေရတယ်။ စိုက်ပျိုးရေးပညာဆိုတာ အပင်ကို အပွင့်ပွင့်အောင်လုပ်နိုင်တာကိုပြောတာ မဟုတ်ဘူး။ ကိုယ်လိုချင်တာ လုပ်ခိုင်းပြီးတဲ့နောက်မှာ အပင်ကို ပုံမှန်ကြီးထွားနိုင်အောင်ထိန်းသိမ်းနိုင်တာကိုပဲ ပညာလို့ခေါ်တယ်ဆိုတာ နားလည်လာတယ်။
ဒီတော့ တိုက်တွန်းချင်တာက ကိုယ်စိုက်ထားတဲ့ သစ်ခွတွေရဲ့ အလေ့အထတွေ၊ လိုအပ်ချက်တွေကို သိအောင်ကြိုးစားပြီး ဖြည့်ဆည်းပေးပါ။ ဒါဆို သစ်ခွပင်တွေကလည်း သစ်ခွချစ်သူတွေ လိုချင်တဲ့ သစ်ခွပန်းပွင့်တွေကို ပြန်ပေးပါလိမ့်မယ်။
ပန်းပွင့် ဟော်မုန်း Florigin သုံးမယ်ဆိုရင် အပင်ကို တိုက်ရိုက်မဟုတ်တဲ့နေရောင် များများရအောင်အရင်လုပ်ပါ။ ၁၀၊ ၅၂၊ ၁၇ လိုမျိုးအပွင့်ဆေးနှစ်ကြိမ်လောက်ကျွေးပြီးမှ ဟော်မုန်းဆေးကို အညွှန်းအတိုင်း ဖျန်းပါ။
OK ပါစေ။
Ko Phyu

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home