Wednesday, February 1, 2017

အခမဲ့ ဗိုက်ကြီးခြင်း

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkfki3pzf4jQ_vw_f_1UwUrt2Sn4Aoz6thUGu46dvZJhdThgtmZ9uuLwU-3-OrE_C-yUPuB0qs2OnnHVKsmzvzChfdCdxG_zClh69ffyky4jERxEfq1hFLIT__Litlbba7lusOsv_V3z0v/s1600/niki+miranda.jpgစင်္ကာပူမှာ ဗိုက်ကြီးတာကို အားမရတဲ့ သူမ တစ်ယောက်လည်း သြော်ဇီ ရောက်တာနဲ့ နောက်တစ်ခေါက် ဗိုက်ကြီးပြန်တယ်။ နိုင်ငံတကာ လှည့်ပြီး ဗိုက်ကြီးနေတော့လည်း ဟိုနိုင်ငံမှာ ဗိုက်ကြီးရင် ဘယ်လို၊ ဒီနိုင်ငံမှာ ဗိုက်ကြီးရင် ဘယ်လို သိရတာပေါ့။

စင်္ကာပူမှာတုန်းက ကိုယ်ဝန်ရှိပြီဆိုတာ သိတာနဲ့ ဆေးခန်းသွားတာ ဆိုတော့ သွားတဲ့ အချိန်မှာ သန္ဓေသက်တမ်းက နှစ်ပတ် သုံးပတ်ကျော်ကျော်ပဲ ရှိဦးမယ်ထင်တယ်။ သွားတာကလည်း မြန်မာပြည်မှာတော့ OG လို့ခေါ်ကြပြီး စင်္ကာပူမှာတော့ ဂိုင်နီ - Gynie ဆိုပြီး ခေါ်ကြတဲ့ Obstetrics and Gynecology Specialist မီးယပ်နှင့် သားဖွား အထူးကုဆီကို တိုက်ရိုက် တန်းသွားတာပါ။ ကိုယ်ကြိုက်တဲ့ ဆေးခန်း ကိုယ်တတ်နိုင်တဲ့ ဆေးခန်းကို ရွေးပြီး သွားပါတယ်။ သြော်ဇီမှာတော့ ဘာကိစ္စဖြစ်ဖြစ် အထူးကုတွေဆီ တန်းသွားလို့ မရပါဘူး။ အထွေထွေ ရောဂါကု(GP - General Practitioner) ဆီ အရင်သွားပြီးမှ GPက ညွန်းစာ (Referral Letter) ပါမှ အထူးကုဆီ သွားလို့ ရပါတယ်။ ကိုယ်ဝန်ရှိတယ်လို ကိုယ့်ဘာသာကိုယ် စမ်းပြီး သိတော့ GP ဆီပဲ အရင် သွားရပါတယ်။ စင်္ကာပူမှာက အထူးကုဆီ တန်းသွားတယ်ဆိုတာ ကိုယ့်ဘာသာကိုယ် ကျသင့်ငွေ ပေးမှာမို့ပါ။ ကျန်းမာရေး အာမခံ ထားထားတဲ့ သူတွေကတော့ အထူးကုဆီ မလိုအပ်ဘဲ တိုက်ရိုက် သွားရင် အာမခံ လျော်ကြေးတောင်းတဲ့ အခါ (Claim လုပ်တဲ့အခါ) စကားပြောရပါတယ်။ အဲဒီအခါမှ သူတို့က GP ရဲ့ (Referral Letter) ညွန်းစာကို တောင်းပါတယ်။

စင်္ကာပူမှာတုန်းက သွားတဲ့ ဆေးခန်းက သားဖွားအထူးကု ဆေးခန်းဆိုတော့ Ultra-sound စက်ကလည်း အဆင်သင့်ရှိပြီး ရောက်တာနဲ့ ဗိုက်ပေါ် Scanner တင်ပြီး စမ်းလိုက်တာ ၁ စင်တီမီတာလောက် အမှုန်အစက်လေးကနေ စပြီး မြင်ရပါတယ်။ ကိုယ်ဝန်ရှိတယ် ဆိုတာ ချက်ချင်း သိရပါတယ်။ ဒီမှာတော့ GPက ကိုယ်ဝန်ရှိလား မရှိလား သိဖို့ ဆေးစစ်ဖို့ရာ ဓါတ်ခွဲခန်းကို သွားဖို့ ဘာတွေ စစ်ရမယ်ဆိုတာကို စာတစ်စောင် ထုတ်ပေးလိုက်ပါတယ်။ ဓါတ်ခွဲခန်းသွားပြီး ဆေးစစ်ထားတာ တစ်ပတ်လောက် ကြာတော့ အဖြေ သိရပါတယ်။ စင်္ကာပူမှာတုန်းက ဓါတ်ခွဲဖို့ လိုအပ်ရင် ဆီးတွေ၊ သွေးတွေကို သားဖွားဆေးခန်းက ဆရာဝန်ကပဲ ထုတ်ပြီး အသင့်ရှိပြီးသား ဖန်ပြွန်လေးတွေနဲ့ထည့်ထား၊ နာမည်တွေ ဘာတွေ ကပ်ထားတာကို ဓါတ်ခွဲခန်းက Courier Guy တွေက ဆိုင်ကယ်လေးတွေနဲ့ ဆေးခန်းတကာ လှည့်ပြီး ယူတာဆိုတော့ ဓါတ်ခွဲခန်းတောင် သွားစရာ မလိုလိုက်ပါဘူး။ စကားမစပ် ဒီမှာ ဓါတ်ခွဲခန်း ၃ ခုလောက် သွားတာ တရုတ်တွေနဲ့ပဲ တွေ့တွေ့နေတယ်။ (ထင်တာ ပြောတာ) ကြည့်ရတာ ဘိုတွေက ဓါတ်ခွဲခန်းမှာ ရောဂါတွေ ဘာတွေ ကူးမှာ စိုးလို့ မလုပ်ချင်ဘူး ထင်တယ်။
ဒီနေရာမှာ အဓိက ပြောလိုတာကတော့ ဒီမှာ ဒီလို အထွေထွေကုဆီသွား၊ ဓါတ်ခွဲခန်းသွားတာ တစ်ပြား တစ်ချပ်မှ မကုန်ပါဘူး။ ဒီမှာ Medicare လို့ ခေါ်တဲ့ ကျန်းမာရေး စနစ်ကြောင့်ပါပဲ။https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHkpXF8mouYWxsTZCaLvZoKzXmekqCeXCGP5jG1YCoU_hHj0ymeVhTvGYoTfKS9WxCoEqqtlOXmBa7PDZRlgOEsN-9TV7cLbrYZ4dZdXkIVNT9Oz03y_NzTGdW4Mv5S67YmcYdKYAWw8CJ/s400/Medicare-Card.jpg စင်္ကာပူမှာတော့ ဆေးခန်းသွားပြီဆို Credit (ဖြစ်ဖြစ် Debit ဖြစ်ဖြစ် Nets ဖြစ်ဖြစ်) Cardလေး ပါသွားမှ ရပြီး ဆေးရုံတက်ဖို့ဆို လူနာတောင် ဆေးရုံထဲ မ၀င်ရသေးဘူး စပေါ် (Deposit)လေး အရင် မစပါ ဆိုသလို ဖြစ်နေတယ်။ ဒီမှာတော့ Medicare Card လေး ပြလိုက် ရုံပါပဲ။ စင်္ကာပူမှာတော့ ရုံးတွေက Corporate Insurance လုပ်ပေးထားရင်တော့ အဲဒီ Insurance ကို လက်ခံတဲ့ ဆေးခန်းတွေမှာ အာမခံကတ်ပြားလေး ပြလိုက်ရင် ဆေးခန်းက အာမခံကို ကျသင့်ငွေ တောင်းခံပါတယ်။ ရုံးက မလုပ်ပေးလည်း ကိုယ်ပိုင် ကျန်းမာရေး အာမခံ လုပ်ထားလို့ ရပါတယ်။ အာမခံ လုပ်ထားမယ်ဆို ဆေးရုံ၊ ဆေးခန်းသွားရရင် တစ်ပြားမှ မပေးရတာလည်း ဖြစ်မယ်၊ သတ်မှတ်ထားတဲ့ ပမာဏကို ကိုယ်က စ ပေးရတာလည်း ဖြစ်မယ်။ ဥပမာ ဆေးခန်းသွားရင် ကိုယ်က ၂၀ တော့ ပေးရမယ် ဆိုတာမျိုး။ စင်္ကာပူရဲ့ စနစ်က အမေရိကားက စနစ်နဲ့ ဆင်ပါတယ်။
    
သြော်ဇီက Medicare ကျတော့ မြန်မာပြည်မှာ ပြောသလို ဆိုရင် `စားရိတ်မျှပေး ကျန်းမာရေး´ ပါ။ တစ်နှစ် တစ်နှစ် ကိုယ်ဝင်ငွေထဲက ၁.၅%ကို Medicare အတွက် ပေးရတယ်။ (၀င်ငွေခွန် ၃၀% နဲ့ စာရင်တော့ မပြောပလောက်ဘူး ထင်ရမယ်) သတ်မှတ်ထားတဲ့ ပမာဏ ၀င်ငွေအောက် နည်းတဲ့သူတွေတော့ မပေးရပါဘူး။ ကိုယ့်ဘာသာကိုယ် ဒေါင်ဒေါင်မြည် ကျန်းမာလည်း ပေးရမှာပဲ။ ဘယ်ဆေးခန်းမှ မသွားလည်း ပေးရမှာပဲ။ ဗိုက်မကြီးလည်း ပေးရမှာပဲ။ အဲဒီရတဲ့ ပိုက်ဆံတွေ အပြင် အစိုးရက အိတ်စိုက် ထုတ်ထားတဲ့ ပိုက်ဆံတွေနဲ့ ဆေးကုသ စားရိတ်တွေကို ပြန်ပေးတာပါ။ အစိုးရကသာ အိတ်စိုက် မထုတ်ပေးရင် ၈% လောက်ပေးရမယ်လို့ တွက်ထားတာ တွေ့မိတယ်။ သတ်မှတ်ထားတဲ့ ပမာဏထက် ၀င်ငွေရတဲ့ မိသားစုတွေကိုတော့ အစိုးရက ကိုယ်ပိုင် ကျန်းမာရေး အာမခံ ထားအောင် တွန်းအားပေးတဲ့ အနေနဲ့ ကျန်းမာရေး အာမခံ မရှိတဲ့သူတွေကို နောက်ထပ် ၁% အပိုဆောင်း ကောက်ပါတယ်။ အဲဒီတော့ ၀င်ငွေကောင်းတဲ့ မိသားစုတွေက ကိုယ်ပိုင် ကျန်းမာရေး အာမခံ မရှိရင် ၂.၅% ပေး။ အာမခံရှိရင်တော့ ၁.၅%လည်းပေး ကျန်းမာရေး အာမခံဖိုးလည်း ပေးပေါ့။ အဲဒီ အာမခံဖိုးအတွက် တစ်စိတ်တစ်ပိုင်းကိုတော့ အစိုးရက စိုက်ပေးပါတယ်။ 
        

ကိုယ်ပိုင် ကျန်းမာရေး အာမခံ ရှိရင်တော့ အာမခံက သတ်မှတ်ပေးထားတဲ့ ပုဂ္ဂလိက သီးသန့် (Private) ဆေးရုံ၊ ဆေးခန်းတွေမှာပါပြလို့ ရပါတယ်။ အဲဒီ အခါ (ဥပမာ) ၁၀၀ ကျတယ်ဆိုရင် အစိုးရက ၃၀ပေး၊ အာမခံ ကုမ္ပဏီက ၇၀ ပေး လိုမျိုးပေါ့။ Medicare သတ်သတ် သမားတွေကတော့ ပြည်သူပိုင် ဆေးရုံနဲ့ သတ်မှတ်ထားတဲ့ ဆေးခန်းတွေမှာပဲ ပြလို့ ရပါမယ်။ (ပုဂ္ဂလိက ဆေးရုံတွေမှာ သွားပြချင်ရင်တော့ ကိုယ့်ဘာသာကိုယ် ပေးပေါ့)။ ပုဂ္ဂလိက သီးသန့် ဆေးရုံနဲ့ ပြည်သူပိုင် ဆေးရုံကတော့ အသုံးအဆောင် အထောက်အပံ့ ပစ္စည်းတွေ (Facilities) အပြင် ရက်ချိန်းစောင့်ရတာတို့ ဘာတို့မှာတော့ အများကြီး ကွာသွားပါပြီ။ ဒီလို ကွာဟချက်ကတော့ မြန်မာပြည်လို နိုင်ငံမှာ သိသိသာသာ တွေ့ရမှာပါ။ စင်္ကာပူလို နိုင်ငံမှာတော့ အသုံးအဆောင် အထောက်အပံ့ ပစ္စည်းတွေက သိပ်မကွာပေမယ့် ပြည်သူပိုင် ဆေးရုံတွေ၊ ဒေသန္တရ ဆေးခန်း (Poly Clinic) တွေမှာ ဆိုရင်တော့ (သူတို့ အခေါ်အဝေါ်နဲ့ဆို) ကယူး (Queue) ပေတော့။ ဒီလို ဆေးခန်းပြဖို့ ကျူးရတာက တော်ပါသေးတယ်။ ဒီမှာလည်း တစ်ခုခု ခွဲစိတ်ဖို့ဆို အသက်အန္တရာယ်ကို ချက်ချင်းကြီး ဒုက္ခပေးနိုင်တာ မဟုတ်ရင် တမေ့တမော လနဲ့ချီ၊ နှစ်နဲ့ချီ စောင့်ပေတော့။ 

         
ဒီလိုနဲ့ ဓါတ်ခွဲခန်းက အဖြေရတော့ ဆရာဝန် (GP) ဆီပြန်သွားပါတယ်။ အဲဒီကျမှ GP က Private ဆေးရုံသွားမလား Public သွားမလား မေးပါတယ်။ ကျွန်တော်တို့က Health Insurance မ၀ယ်ရသေးတော့ Public ဆီပဲ သွားမယ် ပြောလိုက်ပါတယ်။ ကျန်းမာရေး အာမခံက ၀ယ်ထားလည်း ၀ယ်ဝယ်ပြီးချင်း သုံးလို့ ရမှာမဟုတ်ဘူးလေ။ ၁ နှစ်တိုင်သည် ၆လ တိုင်သည် စောင့်ရဦးမယ်။ ဟုတ်တော့လည်း ဟုတ်တာပဲ။ နို့မဟုတ်ရင် လူတွေက မကျန်းမာတော့မှပဲ အာမခံ ထားကြတော့မှာပေါ့။ အဲဒါနဲ့ ကျွန်တော်တို့နေတဲ့ နေရာနားက ခရိုင်ဆေးရုံ (Hornsby Ku-ring-gai Hospital) ကို ညွန်းပေးလိုက်ပါတယ်။ ဆရာဝန်ကတော့ အားပေးတယ်။ သူမှာ သားသမီး ၃ ယောက်ရှိတာ ပထမ ကလေးကိုပဲ Private ဆေးရုံမှာ မွေးတယ်။ ကျန်တဲ့ နှစ်ယောက်ကို အဲဒီ ဆေးရုံမှာ မွေးတာတဲ့။ သူငယ်ချင်း မိသာစုကလည်း အဲဒီဆေးရုံမှာပဲ သူတို့ သမီးလေးကို မွေးတာလေ။

အဲဒီဆရာဝန်နဲ့ ဆေးခန်းကတော့ အိမ်နားမှာ နီးတော့ သွားဖြစ်တယ်။ သမီးတုန် အတွက် ကာကွယ်ဆေး ထိုးဖို့လည်း သွားရ၊ တစ်ခါတစ်လေ ဖျားသလိုလို ဖြစ်ရင်လည်း သွားရတယ်။ စင်္ကာပူမှာ တုန်းကတော့ ကလေးအတွက်ဆို ကလေး အထူးကုဆီပဲ သွားတယ်။ အခုကျတော့ အထွေထွေကုနဲ့ ပြရတာ စိတ်တော့ သိပ်မချသလိုပဲ။ ဒါပေမယ့် စင်္ကာပူမှာ ကလေး ၆ လလောက် အထိပဲ နေတာတောင် တစ်ထောင်ကျော်လောက် အဲဒီ ဆေးခန်းမှာ သုံးခဲ့ရတယ်။ ဒါတောင် မွေးမွေးပြီးချင်း ၃-၄ရက်မှာ အသားဝါလို့ ဆေးရုံတက်ရတဲ့ အတွက် ၁၅၀၀ ကျော် မပါသေးဘူး။ အဲဒီ တစ်ထောင်ဆိုတာ ကာကွယ်ဆေးထိုးတာနဲ့ ပုံမှန် စစ်ဆေးတဲ့ အတွက်ပဲ ရှိသေးတယ်။ ကာကွယ်ဆေးကလည်း တချို့ဟာတွေက ဈေးကြီးပါတယ်။ Rotavirus ကာကွယ်ဆေးတို့ Pneumococcal vaccines တို့ဆို အတော် ဈေးကြီးတယ် ပြောလို့ရတယ်။ သြော်ဇီမှာတော့ ကာကွယ်ဆေးထိုးတာရော အထွေထွေကုနဲ့ ပြတာရောက အခမဲ့ပါပဲ။ Medicare ကပဲ ပေးသွားပါတယ်။

ဆေးရုံက ခရိုင်ဆေးရုံလိုမျိုးဆိုတော့ အတော်ကြီးပါတယ်။ အဆောက်အအုံတွေကတော့ အကြီးကြီးတွေ အသစ်တွေတော့ မဟုတ်ပါဘူး။ ဧရိယာ ကျယ်ကျယ်ပေါ်မှာ ဟိုနားမှာ တစ်ဆောင် ဒီနားမှာ တစ်ဆောင်ပါ။ တချို့ အဆောင်တွေက နည်းနည်းကြီးပြီး တချို့အဆောက်တွေကတော့ လူနေအိမ် သာသာလေးတွေပါ။ ရန်ကုန် အထွေထွေ ဆေးရုံကြီးလိုပဲ အုတ်နီနီ အဆောင်တွေကို မြင်ကြည့်လို့ရပါတယ်။ ကျွန်တော့် မျက်စိထဲမှာ မြင်တာတော့ ရန်ကုန် တက္ကသိုလ်(ပင်မ) အထဲက ဆရာတွေ နေဖို့ ပေးထားတဲ့ အုတ်နီနီ အိမ်ပုလေးတွေလိုပါပဲ။ ခရိုင်ဆေးရုံဆိုပေမယ့် လူလာတာ သိပ်မများပါဘူး။ အေးအေးလူလူပါပဲ။

စင်္ကာပူမှာကတော့ ကျွန်တော် ရောက်ဖူးတဲ့ ဆေးရုံတွေက Public ပဲဖြစ်ဖြစ် Private ပဲဖြစ်ဖြစ် လူတွေက စည်ကား ၀န်ထမ်း နာစ်တွေက အပြေးအလွှားပါပဲ။ စင်္ကာပူမှာတုန်းက သူမ အစာအိမ်ယောင်သလို ဖြစ်လို့ SGH (Singapore General Hospital) ကို ရောက်ရပါသေးတယ်။ အဲဒီဆေးရုံကြီးကတော့ ၀င်းကလည်း အတော်ကျယ်ပြီး အထဲက အဆောင်တွေကလည်း အတော်ကြီးပြီး တချို့တွေက အသစ်တွေပါ။ Health Science Authority တို့လိုမျိုးတွေ National Heart Centre တို့ National ဘာ စင်တာ ညာစင်တာတွေလည်း ရှိပါတယ်။ မြန်မာ နာစ်မလေးတွေလည်း သင်တန်းတက်နေတာ တွေ့ခဲ့ရပါတယ်။ မြန်မာပြည်က ဘူဇွာတွေ၊ အာဏာရှင်တွေ လာလာတက်တဲ့ Raffles Hospital ကိုလည်း လူမမာမေး ရောက်တတ်ပါသေးတယ်။ အလုပ် ကိစ္စနဲ့ CGH (Changi General Hospital)တို့ အသစ်ဆောက်ထားတဲ့ KKH (KK Women’s and Children Hospital) တို့ TTSH (Tang Tok Seng Hospital) တို့ကိုလည်း ရောက်ပါတယ်။ အဲဒီ အဆောက်အဦးတွေကတော့ ဆေးရုံနဲ့ မဆိုင်လောက်အောင်ကို ပျံလန်နေတာပဲ။ စင်္ကာပူမှာ ရောက်ဖူးတဲ့ ဆေးရုံတွေထဲမှာ နည်းနည်း ဟောင်းတာဆိုလို့ NUH (National University Hospital) တစ်ခုပါပဲ။

      
သားဖွားဆောင်ကြီးက အသစ်ပါ။ ရောက်တော့ ဘာလုပ်ရမှန်း မသိလို့ ကောင်တာမှာ သွားမေးတော့လည်း ထိုင်စောင့်နေပါတဲ့။ အလှည့်ကျရင် ခေါ်လိုက်မယ်တဲ့။ တကယ်တော့ ကျွန်တော်တို့က ရက်ချိန်းယူဖို့ ဖုန်းဆက်ကတည်းက လိုချင်တဲ့ အချိန်ကို ပြောပြထားတော့ သူတို့က သူတို့ ဘာသာ စီစဉ်ပြီး သူ့အချိန်ကျရင် တစ်ယောက်ပြီး တစ်ယောက် ခေါ်နေတာပါ။ ကျွန်တော်တို့က ပထမဆုံး အကြိမ်ဆိုတော့ ဘုမသိ ဘမသိနဲ့ ပြီးတော့ ဘာစာအုပ်မှလည်း ထပ်စရာမလို ကျူး (Queue) နံပါတ်တွေ ဘာတွေလည်း (စင်္ကာပူမှာလို) ယူစရာမလို ဆိုတော့ နားမလည်စွာ စိတ်မရှည် စိုးရိမ်စွာနဲ့ပဲ စောင့်နေရပါတယ်။ နောက်တော့မှ နာစ်မကြီး တစ်ယောက်က နာမည်ခေါ်ပြီး လာပါတယ်။ ကျွန်တော်လည်း မြတ်နိုးလေးကို ချီပြီး လိုက်သွားပါတယ်။ အရပ်တွေ ဘာတွေတိုင်း၊ ပေါင်တွေ ဘာတွေ ချိန်လုပ်ပါတယ်။ ပေါင်ချိန်စက်ကတော့ လက်တံနဲ့ ဟာပဲ။ Made in England ဆိုပြီး အခိုင်အခံ့နဲ့ ပုံစံကတော့ နည်းနည်း ဂန္ဓ၀င် ဆန်ပါတယ်။ စင်္ကာပူမှာတော့ ဆေးခန်းတော်တော်များများမှာ ဒစ်ဂျစ်တယ် ပေါင်ချိန်စက်တွေ များတယ်။

ပထမဆုံးနေ့မှာ နာစ်မကြီးနဲ့ပဲ တွေ့ရတာပါ။ ၀မ်းဆွဲသည် (Midwife) ပေါ့။ သူက မေးခွန်းတွေ မေးပြီး ကွန်ပြူတာထဲ ရိုက်ထည့်နေပါတယ်။ သူမကို ဘာရောဂါတွေ ဖြစ်ဖူးသလဲ၊ ကျွန်တော့်ကိုလည်း ကျန်းမာရေးနဲ့ ဆိုင်တာတွေမေးပါတယ်။ နှစ်ဖက် အဖိုးအဖွားတွေမှာရော ဆီးချို ရှိလား၊ သွေးတိုးရှိလား စသည်စသည် မျိုးရိုးလိုက်တတ်တဲ့ ရောဂါတွေ မေးပါတယ်။ ကလေး မွေးဖူးတယ်ဆိုတော့ ကလေးမွေးတုန်းက အကြောင်းတွေ (ရိုးရိုး မွေးတာလား။ ရက်စေ့မှ မွေးတာလား။) စသည် စသည် မေးပြီး မှတ်တမ်းတင်ထားပါတယ်။ ဗိုက်ကိုတော့ လုံးဝ ကိုင်တောင် မကြည့်လိုက်ပါဘူး။ ဘာဆေးသောက်နေသလည်း ဆိုတော့ ဖောလစ်အက်ဆစ်နဲ့ သံဓါတ်ဆေး သောက်နေတယ် ဆိုတာကိုလည်း ကွန်ပြူတာထဲမှာ မှတ်လိုက်ပါတယ်။ ဘာသောက် ညာသောက်လည်း မပြောလိုက်ပါဘူး။ နောက်ပြီး ဟိုပြော ဒီပြောနဲ့ ကျွန်တော်တို့က အခုမှ သြစတြေးလျကို ပြောင်းလာတာတို့ ဒီမှာ ဆွေမျိုးတွေ ဘာတွေ မရှိဘူးဆိုတော့ သနားသွားပြီး ဆက်သွယ်ရမည့် နေရာတွေ အချက်အလက်တွေ ပေးလိုက်ပါသေးတယ်။ ပြီးတော့ နောက်တစ်ပါတ် ပြန်လာဖို့ ချိန်းလိုက်ပါတယ်။ စင်္ကာပူမှာတော့ ဆရာဝန်က သူ့အချိန်ကုန်မှာ စိုးလို့ လူနာမှတ်တမ်း ကတ်ပေါ်မှာပဲ အမြန် ကောက်ခြစ်ပါတယ်။ ဒါပေမယ့် ပထမဆုံးနေ့ သွားကတည်းက Ultra-sound နဲ့ အခြေအနေကို အစ အဆုံး မြင်နေရတော့ စိတ်အေးရပါတယ်။ ဥပမာ အမြွာဟုတ် မဟုတ်တို့၊ သားဥပြွန်မှာ သန္ဓေ သွားတည်နေတာလား တို့ကတော့ Ultra-sound နဲ့ဆိုမှ မြင်နိုင်တာလေ။ ဒီမှာတော့ ပထမဆုံးနေ့က ဒီလိုပဲ မေးဟယ် ဖြေဟယ်နဲ့ ကုန်သွားပါတယ်။ အဲဒီအချိန်မှာ ဗိုက်က ၄လလောက် ရှိနေပါပြီ။

နောက်တစ်ပါတ် သွားမှ ဆရာဝန်နဲ့ တွေ့ရပါတယ်။ ဆရာဝန်ကတော့ အထူးကု ဆရာဝန်ကြီးနဲ့ တူပါတယ်။ အသေအချာတော့ မသိလိုက်ရဘူး။ သူလည်း ဒီလိုပဲ မေးတယ်၊ ဖြေတယ်ပါပဲ။ သူကတော့ ဓါတ်ခွဲခန်းက အဖြေတွေကို အသေအချာ ကြည့်ပါတယ်။ နောက်ပြီး ထပ်လိုတဲ့ အတွက် သွေးပြန်စစ်ခိုင်းပါသေးတယ်။ ထုံးစံအတိုင်းပဲ ဒီဆရာဝန်လည်း ဓါတ်ခွဲခန်း အဖြေပေါ် မူတည်ပြီး ကောက်ချက်ချ ဆုံးဖြတ်ချက်ချ လုပ်ရတာပါ။ သူ့အလှည့်မှာတော့ တစ်ခု ပိုလာတာက ဗိုက်ကို ကပ်ပြီး အသံချဲ့စက်လေးနဲ့ ကလေးနှလုံး ခုန်သံကို ကြားရပါတယ်။ အစကတည်းက ဗိုက်သာကြီးလာတာ ဘာမှန်း ညာမှန်း မသိသေးတော့ ကလေး နှလုံးခုန်သံ ကြားလိုက်ရမှ ရင်အေးသွားပါတော့တယ်။ ဆရာဝန်ကြီးက ကလေး နှလုံးသံကို ကြားစေပြီး ပျော်သလားလို့ မေးတော့ ပျော်တာပေါ့လို့ ပြန်ဖြေလိုက်ပါတယ်။

စိတ်ထဲမှာတော့ စင်္ကာပူမှာလို Ultra-sound နဲ့ အသေအချာ မမြင်လိုက်ရတော့ စိတ်တော့ ပူပါသေးတယ်။ ကလေးက ဘယ်နားမှာမှန်း ဘယ်လို နေမှန်း မသိရ။ ကလေးမှ မူမှန်ရဲ့လား သို့လော သို့လောတော့ ဖြစ်နေပါတယ်။ တော်သေးတယ် ဆရာဝန်က Detailed Scan လုပ်ဖို့ ပြောလိုက်လို့။ အချိန်ကလည်း တန်နေပြီလေ။ ဒါပေမယ့် အဲဒီတုန်းက ခရစ်စမတ် ကာလဆိုတော့ ဇန်န၀ါရီမှ လုပ်လို့ ရလိုက်ပါတယ်။ အဲဒီ အချိန်ကျမှပဲ ကလေးရဲ့ အခြေအနေ ကောင်းတာကို အသေအချာ သိလိုက်ရပါတယ်။ ယောက်ျား ကလေးဆိုတာပါ သိလိုက်ရလို့ ပျော်သွားပါတယ်။ ကျန်တာတွေ အားလုံးက ပိုက်ဆံပေးစရာ မလိုပါဘူး။ Medicare ကတ်လေး ပြလိုက်ရုံပါပဲ။ Detailed Scan အတွက်တော့ ကိုယ့်ပိုက်ဆံကို စိုက်ပေးထားပြီး နောက်မှ ပြန်တောင်းရတာပါ။ အပြည့် မရပါဘူး။ ၄ပုံ ၃ပုံလောက် ပြန်ပေးပါတယ်။ ဒါပေမယ့် ဒါတစ်ခုတည်းပဲ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပိုက်ဆံ ပေးရတာပါ။ ကျန်တာတွေကတော့ အခမဲ့ပါ။ ဆေးတွေ ဘာတွေတော့ ကိုယ့်ဘာသာ ၀ယ်သောက်ရပါတယ်။ ကလေး ကာကွယ်ဆေးကတော့ အခမဲ့ပါ။

နောက်တစ်ခါ ဆေးရုံ သွားရတော့ ၀မ်းဆွဲသည် နာစ်မနဲ့ပဲ တွေ့ရတာပါ။ အဲဒီလိုပဲ နာစ်မနဲ့ တွေ့ရမည့် အလှည့်မှာ နာစ်မနဲ့ တွေ့။ ဆရာဝန်နဲ့ တွေ့ရမည့် အလှည့်မှာ ဆရာဝန်နဲ့တွေ့ပါ။ ပြီးတော့ တစ်ခေါက်နဲ့ တစ်ခေါက်တွေ့ရတဲ့ နာစ်မကလည်း မတူပါဘူး။ အလှည့်ကျတဲ့ နာစ်မနဲ့ပဲ တွေ့ရပါတယ်။ သူတို့က Record တွေကို အသေအချာ သိမ်းထားတယ် ဆိုတော့ တော်သေးတာပေါ့။ စင်္ကာပူမှာလို ဆရာဝန် တစ်ယောက်တည်းနဲ့ အမြဲ တွေ့ရလည်း သူက ကိုယ်ကို မှတ်မိဦးမှလေ။ သူလည်း Record ပြန်ကြည့် ရတာပါပဲလေ။ တော်သေးတယ် ဒုတိယ ကလေးမို့လို့။ ပထမကလေး ဆိုရင်တော့ ဘာမှန်းမသိ ညာမှန်းမသိ ဖြစ်နေဦးမယ်။ စိုးရိမ်နေရဦးမယ်။ နောက်ပြီး အစစ အရာရာက Free ဆိုတော့ တန်တယ်လေ။ (Free ပဲ ဆိုပါတော့။ တစ်နှစ် တစ်နှစ် ကိုယ့်ဝင်ငွေထဲက Medicare အတွက်ဆိုပြီး ၁.၅% ပေးရတာကို တန်အောင် သုံးပေးရမယ်..ဟင်းဟင်း)။

အဓိက ကြိုက်တဲ့ အချက်ကတော့ နာစ်မတွေက အရမ်းကို ဂရုစိုက်ပါတယ်။ ဘိုတွေက ဂရုမစိုက်ရင်လည်း မရဘူးလေ။ ကျွန်တော်တို့ကသာ ဂရုမစိုက်တာတွေကို ရိုးဟိုးဟိုးနေတာ။ အဲဒီလိုနဲ့ ကျင့်သားရလာတော့ သူတို့တွေ ကိုယ့်ကို ဂရုတစိုက်ရှိနေရင်တော့ မနေတတ်ဘူး ဖြစ်နေတယ်။ အချိန်ပေး ဆွေးနွေးတယ်။ အသေအချာ ရှင်းပြတယ်။ တစ်ခေါက် တစ်ခေါက် အတော်ကြာပါတယ်။ အနည်းဆုံးကတော့ နာရီဝက်ပဲ။ ကိုယ်ပြောသမျှကိုလည်း ကွန်ပြူတာထဲ မှတ်ထားတယ်။ စနစ်တကျလည်း ရှိတယ်။ ကလေးမွေးဖူးထားတော့ ကိုယ့်ဘာသာကိုယ် ဘာလိုမယ် ညာလိုမယ် သိနေတာလည်း ပါတယ်။ သိပ်စိတ်မပူရတော့ဘူး။ နောက်ပြီး ကလေးမွေးတာကတော့ ၀မ်းဆွဲသည်တွေက ကျွမ်းနေလောက်ပါပြီ။ မြန်မာပြည်မှာလည်း ဒီလိုပဲ ဆိုတော့ သိပ် စိတ်မပူတော့ပါဘူး။ မြန်မာပြည်က နာစ်မတွေဆို ကလေးခေါင်းကို (ဗိုက်အပြင်ကနေ) ကိုင်ကြည့်လိုက်တာနဲ့ ကလေးက ဘယ်နှပေါင် ရှိတယ်၊ ကလေးက ပက်လက်လား မှောက်ရင်လား တန်းပြောနိုင်တယ်ဆိုပဲ။ ကျွန်တော်တို့ ရပ်ကွက်ထဲမှာဆို ၀မ်းဆွဲသည် နာစ်မကြီး တစ်ယောက် ရှိတယ်။ ရပ်ကွက်ထဲက ကလေးတော်တော်များများကို သူမွေးပေးထားတာဆိုပြီး လမ်မှာတွေ့ရင် လာစမ်း.. ငါမွေးပေးထားတဲ့ ကောင်ကများဆိုပြီး ခေါင်း ခေါက်ခေါက်သွားတတ်တယ်။ တော်သေးတယ် ကျွန်တော်တို့ကတော့ ဆေးရုံမှာ မွေးလို့။

အခုတော့ ဒုတိယ ကလေးမို့လို့လည်း သိပ်မသည်းတော့တာရော၊ ကိုယ်က နည်းနည်း ပါးပါး နားလည်နေတာရော ဆိုတော့ စိတ်ပူစရာ မရှိပါဘူး။ ဒါပေမယ့် ဆေးရုံမှာ Ultra-Sound စက် အစုပ်ကလေး တစ်လုံးမှာ မရှိတာကိုတော့ ကျွန်တော်တို့ ဘ၀င်မကျဘူး။ ထီတွေ ဘာတွေ ပေါက်ရင် တစ်လုံးလောက် လှူလိုက်ဦးမယ်ဆိုပြီး ကျွန်တော်တို့ လင်မယားကတော့ ပြောနေကြတယ်။ ဒါပေမယ့် ဒီက စည်းမျဉ်း စည်းကမ်းတွေကလည်း ဘာမှန်း မသိဘူးလေ။ Ultra-Sound စက်ကို သတ်မှတ်ထားတဲ့ သူပဲ ကိုင်ရမယ်တို့ ဘာတို့ကလည်း ရှိသလား၊ သတ်မှတ်ထားတဲ့ နေရာမှာပဲ လုပ်ရမယ်တို့ ဘာတို့များ ရှိသလား၊ ဒါတွေ သိပ်လုပ်လွန်းအားကြီးရင် ကလေးကို ထိခိုက်နိုင်တယ် ဆိုပြီး မလုပ်တာလား ကိုယ်မှ မသိနိုင်တာ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကလေးရော လူကြီးရော ကျန်းမာရင် တော်ပါပြီ။ ။ ၽ

            written by WESHEME


Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home